Copyright

Monday, December 18, 2017

အိုဘယ့်​ မန်​​နေဂျာ

အဟောင်းကိုပစ်၊ အသစ်ကိုချစ်ပါ အိုဘယ့်မန်နေဂျာ
==================================

ရေးသူ  -  ကိုဝေ (မော်ကျွန်း)

'၂၀၁၀' ကာလများဆီသို့ စိတ်ဖြင့် ခြေဆန့်ကြည့်ရင် ဝမ်းနည်းဖွယ်ရာ ငလျင်ဟာ ကမ္ဘာ့ အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ် ၂၅ ခုစာရင်းမှာ ပါခဲ့တဲ့ Haiti ငလျင်ကြီးအကြောင်း ကို ကျွန်တော်တို့ မှတ်မှတ်ရရရှိကြမှာပါ။ အဲဒီအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဖေ့စ် ဘွတ်ခ်အသုံးပြုသူများစွာဟာ Haiti ငလျင်နဲ့ သက်ဆိုင်တဲ့အကြောင်းကို သူ့တို့ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ တင်ကြတဲ့နှုန်းဟာ တစ်မိနစ်ကို Status  ပေါင်း ၁၅၀ဝ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှာ လှုပ်ခတ် ခဲ့တဲ့ ပုဂံ ငလျင်ရဲ့ပုံရိပ်တွေကို ကျွန်တော်တို့တစ်တွေ နာရီပိုင်းအတွင်း တွေ့သိခံစားခဲ့ကြတဲ့ အချိန်တွေကို စာဖတ်သူတို့ အားလုံးမှတ်မှတ်ရရ ရှိနေဦးမယ်ထင်ပါတယ်။

ဒါဟာ ကျွန်တော်တို့တစ်တွေ မြန်နှုန်းမြင့် ကမ္ဘာကြီးမှာ သေချာပေါက်ရောက်ရှိ နေပြီဆိုတာ ကို ပြနေတဲ့ တိကျခိုင်မာတဲ့ သက်သေတွေလို့ ဆိုနိုင်ပါတယ်။ မြန် နှုန်းမြင့် ကမ္ဘာကြီးရဲ့ ဝိသေသတစ်ခုက ဘာဖြစ်လာသလဲလို့ တစ်စုံတစ်ဦးကများ မေးခွန်းထုတ်လာမယ်ဆိုရင် ကျွန်တော် မဆိုင်းမတွဖြေမိမှာဟာ အသစ်ကြိုက်သော ကမ္ဘာကြီး ဖြစ်လာပါတယ်လို့ပဲ ဖြစ်ပါတယ်။ အိုင်ဒီယာသစ်တွေနဲ့ ပေါင်းစပ်နိုင်မှ ရှင်သန်နိုင်စွမ်းရှိတဲ့ စီမံခန့် ခွဲမှုပတ် ဝန်း ကျင်ထဲကို ကျွန်တော်တို့ ရောက် နေပါပြီ။ ဆိုရှယ်မီဒီယာလောကမှာ ထိပ်ဆုံးက ရပ်တည် နေတဲ့ Facebook ရဲ့ အောင်မြင်မှုဟာ စီမံခန့်ခွဲ သူတွေရဲ့ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာ ပေါက်ကွဲမှုက ရလာတဲ့ အရည်အသွေးကြောင့်လို့ ဆိုပါတယ်။  Facebook ကို စတင် တည်ထောင်သူလည်း ဖြစ်၊ အမှုဆောင်အရာရှိချုပ်အဖြစ်လည်း တာဝန်ယူထားတဲ့ မာ့ခ်ဇူကာဘတ်က "ပုံမှန် လုပ်ရိုးလုပ်စဉ်တွေကို အကောင်းဆုံး လုပ်နေတာတွေကနေ သွေဖည်ထွက်ပြီး အသစ်တွေကို မကြောက်မရွံ့ ဖန်တီးရဲတဲ့ စီမံခန့်ခွဲသူ တွေကို လိုချင် တယ်လို့" ဆိုပါတယ်။

Facebook ဟာ ၂၀၁၇ ခုနှစ် တီထွင်ဆန်းသစ်နိုင်မှု အရှိဆုံးလုပ်ငန်း  အခု ၅၀ ထဲမှာ နံပါတ် ၆ နေရာကနေ ရပ်တည် နေပါတယ်။ ၂၀၁၀ ပြည့်နှစ်ကဆိုရင် နံပါတ် ၁ နေရာမှာပင် ရပ်တည်ခဲ့ပါတယ်။ ဒီလိုရပ်တည်နိုင်တာဟာ Facebook ရဲ့စီမံခန့်ခွဲရေးအဖွဲ့က တွန့် ဆုတ်ခြင်းမရှိဘဲ အသစ်တွေကို ဖန်တီးရဲတဲ့ဓလေ့ကို မွေးမြူခဲ့လို့လို့ ဆိုပါတယ်။ စီးပွားရေး အရ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ အင်ဂျင် နီယာအဖွဲ့ကို အင်အားဖြည့်တင်းမှုတွေနဲ့ အိုင်ဒီယာသစ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခု ဖွံ့ဖြိုးလာတာဟာ စတင်တည်ထောင် သူရဲ့ ဟဒယကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ အနာဂတ်ကိုကဗျာစပ် နိုင်စွမ်းရှိတဲ့ စီမံခန့်ခွဲသူတွေရဲ့ ပေါင်းစုအင်အားဟာ ယင်းစီးပွားရေးလုပ်ငန်းကို နောက်ထပ် အဆင့်တစ်ခုဆီကို ရောက်စေပါတယ်။  နိုင်ငံတကာ စီးပွားရေးကော်ပိုရေး ရှင်းကြီးတစ်ခု ဖြစ်တဲ့ Honeywell  ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ လောရင့်ကဆိုပါတယ်။  စီးပွားရေးလောကမှာ ‘Revel Thinking’ ဘောင်မဲ့ တွေးတောသူတွေများများလိုတယ် လို့ဆိုပါတယ်။ အထူး သဖြင့် အခုလိုမြန်နှုန်းမြင့် ပြောင်းလဲမှုတွေ မြန်ဆန်တဲ့အချိန်မှာ အဲဒီလိုလူတွေ ရှိဖို့လိုတယ် လို့ဆိုပါတယ်။

အထူးသဖြင့် အဖွဲ့အစည်းရဲ့ စီမံ ခန့်ခွဲ့မှုနေရာတစ်ခုမှာ တာဝန်ထမ်းဆောင် နေသူတွေ အနေနဲ့ မြန်နှုန်းမြင့် ကမ္ဘာထဲမှာ Linear Thinking သက်သက်နဲ့ သွားလို့ မရနိုင်ပါဘူး။ Linear Thinking ကို မျဉ်း ဖြောင့်တွေးခေါ်မှုလို့လည်း ဆိုကြပါတယ်။ အဖြောင့်စဉ်းစားခြင်း၊ စီကာစဉ်ကာ စဉ်းစား ခြင်းလို့လည်း ဆိုပါတယ်။ အရွေ့တွေမြန်တဲ့ ကာလမှာ Non-linear Thinking ဟာလည်း အရေးကြီးပါတယ်။ ဆန်းသစ် တီထွင်မှုလို့ပြောရင် မျက်လုံးထဲမှာ ဖျတ်ခနဲ ပေါ်လာနိုင်တာဟာ နည်းပညာနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေပါ။ ဒါပေမဲ့ ဆန်းသစ် တီထွင်ခြင်း၊ အသစ်ဖန်တီးခြင်းဟာ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ၊ အဖွဲ့အတွင်းက စီမံခန့်ခွဲမှု ပုံစံတွေ၊ ထုတ်လုပ်မှု ပုံစံပြောင်းလဲမှု၊ အဖွဲ့အစည်းရဲ့နှုန်းစံ ပြောင်းလဲမှုတွေ များစွာဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက နည်းပညာမှာမှ မဟုတ်ပါဘူး။ စီမံခန့်ခွဲသူ တစ်ဦး ဖော်ဆောင် လိုက်တဲ့ စီမံမှုနှုန်း စံသစ်တွေဟာလည်း အဖွဲ့အစည်းရဲ့ဖွံ့ဖြိုးမှု၊ ရှင်သန်မှု အပြောင်းအလဲတွေကို ဖန်တီးနိုင်ပါတယ်။ အပြောင်းအလဲမရှိရင် စီးပွားရေးလုပ်ငန်းစု၊ အဖွဲ့အစည်း တစ်ခုကလည်း ကာလရှည်ကြာ ရှင်သန်ရပ်တည်နိုင် စွမ်းမရှိပါဘူး။ ဆိုပါစို့ တစ်ချိန်ကမြင်းရထားလုံးထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းစုဟာ ယနေ့ကမ္ဘာမှာတော့ ပုံပြင် ထဲမှာ ကျန်ခဲ့ပါပြီ။

ယနေ့ကမ္ဘာမှာ အဖွဲ့အစည်းတိုင်းဟာ အပြောင်းအလဲကို ဆန့်ကျင်ပြီး ရပ်ခံနေလို့မရပါဘူး။ နိုင်ငံရေး ဖြစ်စဉ်တွေမှာဆိုလည်း ယေဘုယျသဘောနဲ့ ကြည့်ရင် အရင်းရှင်စနစ်၊ ဆိုရှယ် လစ်စနစ်၊ ဒီမိုကရေစီစနစ် စသဖြင့် ပြောင်းလဲလာတာကိုတွေ့ရမှာပါ။ အပြောင်းအလဲမှာ လိုက်မလာနိုင်သူတွေဟာ အထီးကျန်တွေအဖြစ်နဲ့ ကျရှုံးသွားကြပါတယ်။ အဟောင်းကို ဖက်တွယ်ထားတယ်ဆိုတာ ရှေးဟောင်းပစ္စည်းပဲ တန်ဖိုးတက်တာပါ။ စီမံခန့်ခွဲရေးနယ်ပယ် မှာတော့ ခေတ်မမီတော့တဲ့ စီမံခန့်ခွဲရေးပုံစံတစ်ခုဟာ တန်ဖိုးမဲ့ပါတယ်။ လိပ်ပြာလေး တစ် ကောင်ရဲ့ တောင်ပံခတ်သံလေး တစ်ခုဟာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect Theory လေးတစ်ခုလိုပါပဲ။ ယနေ့ပင့်ကူအိမ် လူမှုအဖွဲ့အစည်းထဲက စီးပွားရေး အဖွဲ့အစည်း တွေကို ကိုင်တွယ်နေသူတွေအနေနဲ့ အပြောင်းအလဲကို ရင်ဆိုင်ရဲဖို့ အသင့်ပြင်ထားရပါမယ်။ ၂၀ဝ၈ ခုနှစ်ကဖြစ်ခဲ့တဲ့ အမေရိကန်ရဲ့ အိမ်ရာဈေးကွက်ပြိုလဲမှုနဲ့ စတင်ခဲ့တဲ့ ငွေကြေးကပ်ဆိုက်မှုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့ပါတယ်။ ဒီတော့ ကမ္ဘာ့ တစ်နေရာက ကောင်းတဲ့ ပြောင်းလဲခြင်းဖြစ်စေ၊ ဆိုးတဲ့ပြောင်းလဲခြင်းဖြစ်စေ စာဖတ်သူ တို့ရဲ့ စီမံခန့်ခွဲရေး ဖြစ်စဉ်ပေါ်မှာ တစ်နည်းတစ်ဖုံ ရိုက်ခတ်လာနိုင်ပါတယ်။ သိပ်မကြာ ခင်က ဆိုရှယ်မီဒီယာမှာ ပျံ့နှံလာတဲ့ Nokia Company အကြောင်း လေး ဖတ်လိုက်ရ ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ နည်းပညာရပ်ဝန်းမှာ Nokia  ဟာတိမ်မြုပ်ခဲ့ပါတယ်။ Nokia  ရဲ့ CEO  CEO Rajeev Suri က နောက်ဆုံးမိန့်ခွန်းမှာ ဆိုပါတယ်။ " We didn’t do anything wrong, but somehow we fall". လို့ဆိုပါတယ်။ "ငါတို့ ဘာအမှားတွေမှ မလုပ်ပါဘူး၊ ဒါပေမဲ့ ငါတို့လဲပြိုခဲ့တယ်" လို့ဆိုပါတယ်။ ဒါဟာ မြန်နှုန်းမြင့်ကမ္ဘာထဲမှာ အပြောင်းအလဲတွေဟာ မဖြစ်မနေလိုတယ်ဆိုတာကို ပြခဲ့တဲ့အကောင်းဆုံးသော သက်သေ လို့ဆိုနိုင်ပါတယ်။ အသစ်တီထွင်ရေးဟာ သေရေးရှင်ရေးလို့ ဆိုနိုင်ပါတယ်။

Apple ဟာ သူ့ရဲ့ ipod နဲ့ iTunes ကို ဖန်တီးမှုဟာ ဂီတဈေးကွက်ကြီးတစ်ခုလုံးပေါ်ကို အပြောင်းအလဲတွေ ယူဆောင်လာခဲ့သလို Apple ဟာလည်း အောင် မြင်မှုတွေနဲ့ ထပ်မံ အရောင်လက်ခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်ငွေကြေးအကျပ်တည်းကာလနဲ့ Credit Market ပြိုလဲချိန် GM အနေနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်း ကိုကျားကန်ဖို့ ဝန်ထမ်းရာပေါင်းများစွာကို လျှော့ချခဲ့တဲ့ကာလ မှာ GM စက်ရုံတွေနားမှာ တည်ရှိတဲ့ Hallmark Store တွေရဲ့ဝင်ငွေ ဟာ ၂၀ဝ၀ ပြည့်နှစ်က ၇၈၀,ဝ၀ဝ ကနေ လေးသိန်းခန့်အထိ ကိုးနှစ်တာကာလအတွင်းမှာ ထိုးကျသွားခဲ့ပါတယ်။ ယင်းနောက်မှာတော့ Hallmark ရဲ့ပိုင်ရှင်ဖြစ်တဲ့ John Greer ဟာ ယင်းလုပ်ငန်းတွေကို ရပ်နားခဲ့ပါတယ်။ သူကဆိုပါတယ်။ "တကယ်လို့သာ အနာဂတ်ကို ကြိုတင် တွေးဆဖို့ သူသာ အချိန်နည်းနည်းပိုပေးခဲ့မယ်ဆိုရင် သူ့ရဲ့လုပ်ငန်းတွေကို ကျဆုံး ချိန် မတိုင်မီမှာ နေရာသစ်တွေကို ရွှေ့ပြောင်းနိုင်ခဲ့မှာပါ" တဲ့။ ဒါဟာ အပြောင်းအလဲကို လွဲချော်ခဲ့သူနဲ့ အပြောင်းအလဲကို ဖန်တီးခဲ့သူရဲ့ဆန့်ကျင်ဘက်ဇာတ်လမ်း လေးနှစ်ခုလည်း ဖြစ်ပါတယ်။ သာမန်အားဖြင့် စီးပွားရေး လုပ်ငန်းအများစုဟာ ငွေကြေးအရ အလေအလွင့် နည်းအောင် ထိန်းချုပ်ဖို့အတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်လေ့ရှိပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက် တစ်ခုဖြစ်သလို အသစ်တီထွင်ရေးဟာလည်း ယနေ့ စီးပွားရေး လောကရဲ့ အရေးပါတဲ့ ဟဒယပါ။

၂၀ဝ၉ ခုနှစ်၊ ဇန်နဝါရီလမှာပြုလုပ် ခဲ့တဲ့ အာရှ၊ မြောက်အမေရိက၊ ဥရောပ၊ လက်တင် အမေရိက စီးပွားရေးလုပ်ငန်း အမှုဆောင်တွေပါဝင်တဲ့ စစ်တမ်းတစ်ခုမှာ 'ကာလရှည် အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ ဆိုရင် ကုန်ကျစရိတ်တွေကိုလျှော့ချတာထက် အသစ် တီထွင်မှုက ပိုအရေးပါတယ်လို့ ၇၆ ရာခိုင်နှုန်းသောအမှု ဆောင်တွေက ဖြေခဲ့ပါတယ်။ ဒါဟာ ဘာကို မီးမောင်းထိုးပြနေ သလဲဆိုရင် စီမံခန့်ခွဲသူတွေဟာ မိမိရဲ့စီမံ ခန့်ခွဲရေး နယ်ပယ်မှာ ပိုမိုကောင်းမွန်တဲ့ ခန့်ခွဲမှုပုံစံအသစ်တွေ ရှာဖွေဖော်ထုတ်ဖန်တီးရေးကို အားသွန် ခွန်စိုက် လုပ်ဆောင်ရမယ်ဆို တာကို မီးမောင်းထိုးပြနေတဲ့ အချက်ဖြစ်ပါတယ်။
 စာဖတ်သူတို့အနေနဲ့ လုပ်ငန်းတွေကို အကောင်းဆုံး ရပ်တည်နိုင်ဖို့နဲ့ဆင့်ကဲ ပြောင်းလဲ အောင်မြင်မှု တွေကို ယူဆောင်နိုင်ဖို့ အဟောင်းတွေကိုပစ်ပြီး အသစ်တွေကို ချစ်ပါလို့ ဆိုချင်ပါတယ်။

#MyanmarB2BManagementMagazine,November2017

No comments:

Post a Comment