အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါ
ကျွန်မ နယ်ကနေ ရန်ကုန်ကို ပြောင်းလာတာ ၃ နှစ်ရှိပါပြီ။ မြို့ပတ်ရထားမစီးဖူးလို့ စီးကြည့်ချင်တယ်။ မောင့်ကို မြို့ပတ်ရထား စီးချင်တယ်လို့ ပြောတော့ မောင်က မစီးပါနဲ့၊ သွားချင်တဲ့ နေရာကို အိမ်က ကားနဲ့ ကားမောင်းသမားကို လိုက်ပို့ခိုင်းလိုက်တဲ့။ ဒါပေမဲ့ ကျွန်မပူဆာလွန်းတဲ့အတွက် နောက်ဆုံးမှာ မောင်က ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ အလုပ်ရှိလို့ သူတော့ လိုက်မပို့ပေးနိုင်ဘူး။ ခါးပိုက်နှိုက်ကို သတိထားလို့ မှာလိုက်ပါတယ်။
နောက်တနေ့ မနက် ၈ နာရီလောက်မှာ ကျွန်မနဲ့ ၅ နှစ်သမီးလေးတို့ ငမိုးရိပ်ဘူတာမှာ ရန်ကုန်မြို့ထဲကို သွားမယ့် မြို့ပတ်ရထားပေါ်တက်လိုက်တယ်။ ရထားပေါ်မှာ အလုပ်ဆင်းဖို့ မြို့ထဲကို သွားကြတဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေနဲ့ ပြည့်ကျပ်နေတယ်။ ထိုင်စရာ ခုံလွတ်မရှိဘူး။ ဒါကြောင့် ကျွန်မတို့ သားအမိလည်း ရထားတွဲအလယ် လူသွားလမ်း လူတွေကြားမှာ မတ်တတ်ရပ်ရင်း လိုက်သွားကြတယ်။ ကျွန်မက သမီးလေးကို လူတွေကြားမှာ ပျောက်သွားမှာ စိုးလို့ သူ့လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားရတယ်။ စိတ်ထဲမှာ ဒီလို လူကျပ်မယ်ဆိုတာ ကြိုသိရင် ရထားမစီးပါဘူးလို့ ပြောနေမိတယ်။
ရထားဟာ ငမိုးရိပ်ဘူတာက ထွက်လို့ ၅ မိနစ်အကြာမှာ ကျွန်မနောက်ကျောကို လူတစ်ယောက်က တွန်းလိုက်သလို ခံစားရလို့ နောက်လှည့်ကြည့်လိုက်တယ်။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ပေပေရေရေ ဝတ်ထားတဲ့ ဈေးသည်ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့လက်ထဲမှာ မုန့်ထုတ်တွေ တင်ထားတဲ့ သစ်သားဘန်းလေးကို ကိုင်ထားတယ်။ ကျွန်မ လှည့်ကြည့်လိုက်တော့ သူက ပြုံးပြပြီး 'မုန့်ဝယ်ပါအုံးလား အမ၊ တစ်ထုတ်မှ တစ်ထောင်ပါ' လို့ ပြောလာတယ်။ ကျွန်မဟာ လမ်းဘေးက မုန့်တွေ ဝယ်စားတတ်သူ မဟုတ်လို့ ခေါင်းခါပြလိုက်ပြီး သူ့ကို မျက်နှာလွှဲနေလိုက်တယ်။ နောက်ပြီး ချိုင်းကြားက လက်ကိုင်အိတ်ကို ပိုပြီး တင်းကျပ်အောင် ညှပ်ထားလိုက်တယ်။
သူဟာ ကျွန်မနောက်နားမှာ ဆက်ရှိနေလို့ သူ့ကို ရှေ့ကို တိုးသွားဖို့ လက်ဟန်နဲ့ ပြလိုက်တယ်။ ဒီအခါမှာ သမီးလေးက ကျွန်မလက်ကို ကိုင်လှုပ်လိုက်ပြီး 'အမေ သမီးကို မုန့်တစ်ထုတ် ဝယ်ပေးနော်' လို့ ကျွန်မကို မော့ကြည့်ပြီး ပြောလာတယ်။ ဈေးသည်ဟာ မုန့်ထုတ်တစ်ထုတ်ကို သမီးလေးကို ပေးဖို့ လုပ်နေတာကို တွေ့လိုက်လို့ ကျွန်မက ဈေးသည်ကို 'မဝယ်ဘူး၊ ခပ်ဝေးဝေးကို သွားစမ်းပါရှင်' လို့ လေသံမာမာနဲ့ ပြောလိုက်ပါတယ်။
ဈေးသည်လည်း လူတွေကြားထဲ တိုးရင်း ကျွန်မအနားက ထွက်သွားတယ်။ သူမသွားခင်လေးမှာ သမီးက သူ့ကို လက်ပြနူတ်ဆက်လိုက်တယ်။ သူကလည်း သမီးကို ပြုံးပြသွားတယ်။ ကျွန်မစိတ်ထဲမှာ အတော်လေး ဒေါသဖြစ်နေမိတယ်။ ရထားကျပ်လို့လား၊ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ ဈေးသည်ကိုလား၊ မုန့်ဝယ်ခိုင်းတဲ့ သမီးလေးကိုလား ဘယ်သူ့ကိုမှန်း မသိပါဘူး ဒေါသဖြစ်နေတယ်။ ရထားပေါ်က ဆင်းပြေးချင်စိတ် ပေါ်လာနေတယ်။
ကျွန်မ ရန်ကုန်မြို့ထဲ မရောက်ခင် ဘူတာတစ်ခုမှာ ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဆင်းမယ့် အပေါက်နားမှာ စောစောက ဈေးသည်ယောက်ျားကို တွေ့ရပြန်တယ်။ ကျွန်မ သူ့ကို မကြည့်ဘဲ မျက်နှာကို တင်းတင်းထားပြီး လွှဲနေလိုက်တယ်။ ဘူတာမှာ ရထားရပ်လို့ ဆင်းခါနီးမှာ သမီးလေးက ကျွန်မကို ခုလို ပြောပြန်တယ်။ 'အမေ၊ သူ့ကို ပိုက်ဆံနည်းနည်း ပေးလိုက်ပါလား၊ သူ့ကြည့်ရတာ ဗိုက်ဆာနေတယ် ထင်တယ်'တဲ့။ ကျွန်မ ရထားပေါ်က အရင်ဆင်းလိုက်တယ်။ ပြီးတော့ သမီးကို ရထားပေါ်က အောက်ကို ပွေ့ချရင်းနဲ့ ခုလို ပြောလိုက်တယ်။ 'သမီးလေး၊ အဲဒီလူဟာ လူကောင်း မဟုတ်ဘူး။ သူက ကလေးတွေကို ဖမ်းပြီး ရောင်းစားတတ်တယ်'။ ပြောနေတဲ့ကြားက သမီးဟာ အဲဒီလူကို လက်ပြနူတ်ဆက်လိုက်သေးတယ်။
ကျွန်မတို့ သားအမိ ဘူတာအပြင်ဖက်ကို လျှောက်သွားချိန်မှာ နောက်ကနေ 'အမ၊ အမ' လို့ အော်သံကြားလို့ ကျွန်မ နောက်ကို လှည့်ကြည့်လိုက်တယ်။ ဈေးသည်ယောက်ျားပါပဲ။ သူဟာ ကျွန်မတို့ နောက်ကနေ ပြေးလိုက်လာတယ်။ ကျွန်မလည်း သူ တစ်ခုခု လုပ်မလားဆိုပြီး သမီးကို ပွေ့ချီလိုက်ပြီး ဘူတာအပြင်ဖက်ကို ခပ်သွက်သွက် ပြေးသွားလိုက်တယ်။ အပြင်မှာ ရပ်ထားတဲ့ တက္ကစီတစ်စီးတွေ့လို ကားနောက်ခန်းတံခါးကို ဖွင့်ပြီး သမီးလေးကို ကားထဲ တွန်းထည့်လိုက်တယ်။ ကျွန်မလည်း ကားထဲ ဝင်ထိုင်လိုက်ပြီး ကားတံခါးကို ပိတ်လိုက်တယ်။ ဒီအချိန်မှာ ဈေးသည်ဟာ ကားနားကို ရောက်လာတယ်။ သူက ကားမှန်ကို လက်နဲ့ ခေါက်ပြီး ကားတံခါးကို ဖွင့်ဖို့ လက်ဟန်ပြနေတယ်။ ကျွန်မက ကားမောင်းသမားကို ဒီလူဟာ လူဆိုးမို့ ကားမှန်ကို မဖွင့်ပါနဲ့လို့ ပြောလိုက်တယ်။ ကားမောင်းသမားလည်း ကားမှန်ကို မဖွင့်ဘဲ ကားစက်ကို နိုးလိုက်တယ်။
ကားအပြင်က ဈေးသည်ဟာ ပြောင်ပြောင်လက်လက် ပစ္စည်းတစ်ခုကို ကိုင်မြှောက်ပြနေတာကို ကျွန်မ တွေ့လိုက်လို့ သေချာလှမ်းကြည့်လိုက်တယ်။ ဘုရားရေ၊ အဲဒါ သမီးလေးရဲ့ ရွှေလက်ကောက်ပါလား။ သူ့လက်ထဲ ဘယ်လို ရောက်သွားရတာလဲ။ သူ သမီးဆီက ခါးပိုက်နှိုက် ဖြုတ်ခိုးသွားတာ ဖြစ်မယ်။ ခိုးသွားတာဆိုရင်လည်း ဘာလို့ လာပြနေရတာလဲလို့ စဉ်းစားရင်း ကျွန်မ ကားမှန်ကို ဖွင့်ပေးလိုက်တယ်။ ဈေးသည်ဟာ လက်ကောက်ကို ကားထဲက ကျွန်မကို လှမ်းပေးလိုက်ပြီး ခုလို ပြောလိုက်တယ်။ 'အမရေ၊ အမသမီးလေးက ရထားပေါ်က မဆင်းခင်လေးမှာ ဒီလက်ကောက်ကို ပေးခဲ့လို့ ကျွန်တော် ပြန်လာပေးတာပါ' တဲ့။ ကျွန်မ လက်ကောက်ကို ယူပြီးချိန်မှာ သူဟာ ဘန်းပေါ်က မုန့်ထုတ်တစ်ခုကို ယူပြီး 'ဒါက ကလေးအတွက်ပါ' ဆိုပြီး ကျွန်မကို ပေးလိုက်ပြန်တယ်။ ကျွန်မ အံ့အားသင့်လွန်းလို့ စကားတစ်ခွန်းမှတောင် ပြန်မပြောနိုင်ဘူး။ သူဟာ ဘူတာဘက်ကို ပြန်လှည့်ထွက်သွားပါတယ်။ တက္ကစီကားလည်း အဲဒီနေရာကနေ ထွက်လာခဲ့ပါတယ်။
တက္ကစီကားပေါ်မှာ ကျွန်မဟာ အခုအဖြစ်အပျက်ကို စဉ်းစားနေမိတယ်။ ကျွန်မရဲ့ သမီးလေးဟာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဆင်းရဲသားကို ကူညီချင်တယ်။ ဒါကောင်းတာပဲ။ ဈေးသည်ဟာ ကလေးချစ်တတ်တယ်။ ကလေးပေးတဲ့ ရွှေလက်ကောက်ကို ပြန်လာပေးတယ်။ ရိုးသားတယ်။ စိတ်ထားမြင့်မြတ်လိုက်တာ။ ကျွန်မကတော့ လူတစ်ယောက်ကို အဝတ်အစားကြည့်ပြီး အထင်သေးမိလိုက်တယ်။ ကျွန်မဟာ စုတ်ပြတ်နေတဲ့ ဈေးသည်ရဲ့ စိတ်ထားလောက်တောင်မှ မမြင့်မြတ်ပါလား။ နောင်ဆိုရင် ကျွန်မ လူတစ်ယောက်ကို အဝတ်အစားကို ကြည့်ပြီး သူ့အကျင့်စရိုက်ကို အကဲမဖြတ်တော့ဘူး၊ အဝတ်အစား နွမ်းနွမ်းပါးပါး ဝတ်ထားသူတွေကိုလည်း ချက်ချင်းအထင်မသေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီညနေ အိမ်ပြန်ရောက်ရင် မောင့်ကို ပြန်ပြောပြဖို့ ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ် ရလိုက်တာကိုတော့ ဝမ်းသာမိလိုက်ပါတယ်။
မှတ်ချက်။ အင်တာနက်မှာ ဖတ်ရတဲ့ အိန္ဒိယဇာတ်လမ်းတစ်ပုဒ်ကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၁၀-၀၁-၂၀၁၈
၁၀-၀၁-၂၀၁၈

No comments:
Post a Comment