ကြိမ်ဒဏ်အချက်ငါးဆယ်နဲ့ သကြားလုံးများ
by - မောင်သာချို
........................................................
(တစ်)
အခုရက်ထဲမှာ ကြားနေရတဲ့ သတင်းတွေထဲက ပြည်သူ့လွှတ် တော်က ထွက်လာတဲ့သတင်း တွေကဖြင့် နည်းနည်းကလေး အားတက်စရာသတင်းတွေပဲ ထင်ပါရဲ့။
အဂတိတရားလိုက်စားမှုကို တိုက်ဖျက်ဖို့ အဆိုတွေတင်သွင်း ကြ၊ ဆွေးနွေးကြ၊ ထောက်ခံကြ နဲ့။ ကျက်သရေအရှိဆုံးသတင်းက တော့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးညီညီထွန်းက နာမည်ကြီးနိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ ဆွေနီးမျိုး စပ်ပတ်သက်ရာရာတွေဟာ အဂ တိတရား လိုက်စားမှုတွေ ကျူး လွန်လေ့ရှိတာကြောင့် အမြဲမပြတ်အကဲခတ်စောင့်ကြပ်ကြည့်ရှုဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်တာ ပဲ ဖြစ်ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ် ယောက်ရဲ့ စိတ်ထဲမှာ ဖြောင့်မတ် တဲ့ အစိုးရပေါ်ပေါက်ရေးအတွက် အဲသည့်လို လိပ်ပြာမျိုး နိုးနေတာ ဟာ နိုင်ငံအတွက် သိပ်ကိုလိုအပ် တဲ့ စိတ်နေသဘောထားပါ။
အဘက်ဘက်က နာမည် ပျက်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အ ကျင့်ပျက်မှု၊ ခြစားမှု၊ အဂတိ တရားလိုက်စားမှုတို့မှာ တော် တော်ဆိုးတဲ့ အဆင့်ထဲမှာ ကျ ရောက်နေတဲ့ နိုင်ငံပါ။ Corrupt- ion Perceptions Index ဆိုတဲ့ အကျင့်ပျက်ခြစားမှု အညွှန်းကိန်း မှာ နိုင်ငံ ၁၇၄ နိုင်ငံအနက် ၁၅၇ ဖြစ်ခဲ့ဖူးပါတယ်။ ဘာလင်မှာ အ ခြေစိုက်တဲ့ နိုင်ငံတကာ ပွင့်လင်း မြင်သာမှုအဖွဲ့ကြီး (Transpare-ncy International)က ၁၇၄ နိုင်ငံမှာ ၁၅၆ လို့ဆိုခဲ့ဖူးပါတယ်။ နှစ် အလိုက် ကိန်းဂဏန်းအကြီးအ သေး အတက်အကျနည်းနည်း ကလေးအပြောင်းအလဲရှိပေမယ့် မြန်မာ့အဆင့်က မကောင်းပါဘူး။
အခု အဲဒါကို ချေဖျက်ပြီး မြန်မာ့ပုံရိပ်ကောင်းလာစေဖို့အ တွက် ပြုပြင်ကြဖို့ တာစူလာတာ ဟာ ကောင်းတဲ့လက္ခဏာလို့ပဲဆို ချင်ပါတယ်။
(နှစ်)
ခြစားမှုတို့၊ အဂတိတရား လိုက်စားမှုတို့ဆိုတာ မလိုလား အပ်တဲ့အရာတွေအဖြစ် မြန်မာ့ လူ့အဖွဲ့အစည်းက လက်ခံထားခဲ့ ကြပြီးသားပါ။
ဟိုးတစ်ခါ ကျောင်းသင်ခန်း စာထဲမှာပါတဲ့ ပုံဝတ္ထုကလေးမှတ် မိကြသေးသလား မပြောတတ်ပါ ဘူး။ ဘုရင်က အသားငါးကို ကြိုက်ပါသတဲ့။ တစ်ရက်မှာ မိုး သက်မုန်တိုင်းတွေကျကာ လေ ပြင်းတိုက်ပါလေရော။ ဒါကြောင့် ရှာရေးဖွေရေး ခက်ခဲသွားတဲ့ နိုင်ငံကလေးထဲမှာ သားငါးပုစွန်တွေ ရှားပါးသွားပါလေသတဲ့။ အဲသည့်မှာ ကံကောင်းချင်တော့ တံငါ သည်တစ်ယောက်က တော်တော် ကြီးတဲ့ ငါးကြီးတစ်ကောင် ဖမ်းမိ ပါတယ်။ ဘုရင်ကို ကြည်ညိုသူ ဖြစ်တဲ့အတွက် မရောင်းရက်၊ မစားရက်ပါဘူး။ ဒါကြောင့် နန်း တော်ကိုဆက်ဖို့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်တဲ့အတိုင်းပဲ ဖမ်းမိတဲ့ငါး ကို ထမ်းကာ နန်းတော်ကို ဝင်ပါ တယ်။ အဲသည့်မှာ အကျင့်ပျက် မှု ဝင်လာတာပါ။ ခြစားမှုဝင်လာ တာပါ။ အဂတိတရားလိုက်စားမှု ဝင်လာတာပါ။
တံခါးမှူးက ဝင်ခွင့်မပေးပါ ဘူး။ သားငါးပုစွန်ရှားပါးတဲ့နေ့ ကြီးမှာ သည်ငါးကိုဆက်လိုက်ရင် ဘုရင်ကြီးက သေချာပေါက်ဆု တွေ လာဘ်တွေချီးမြှင့်တော့မယ် ဆိုတာ တွက်ထားပြီးသားပါ။ ဒါ ကြောင့် ဘုရင်ကြီး ချီးမြှင့်တဲ့အထဲ က တစ်ဝက်တိတိပေးမှ ဝင်ခွင့် ပေးမယ်လို့ တောင်းဆိုပါတယ်။ ပါးနပ်သူ တံငါသည်က လက်ခံပါ တယ်။
ဒါနဲ့ တံငါသည် ဘုရင့်ရှေ့ မှောက်ကို ရောက်ရောလို့ဆိုပါ တော့။ ငါးကြီးကို ဆက်ရောလို့ဆို ပါတော့။ ဘုရင်က လိုရာဆုကို တောင်းစေလို့ ခွင့်ပေးရောဆိုပါ တော့။ တံငါသည်တောင်းတဲ့ဆု က ကြိမ်ဒဏ်အချက်တစ်ရာပါ။ နန်းတော်က အံ့ဩမဆုံးဖြစ်နေပေ မယ့်လည်း အဲသည့်ဆုကို အထပ် ထပ်အခါခါ တောင်းဆိုနေတဲ့အ တွက် ခွင့်ပြုကာ ဖြည်းညင်းသာ ယာစွာနဲ့ ကြိမ်ဒဏ်ချီးမြှင့်ပါတယ်။ အချက်ငါးဆယ်အရောက်မှာ တံငါသည်က ရပ်ခိုင်းပါတယ်။ ရတဲ့အထဲက တစ်ဝက်ပေးမှ ဝင် ခွင့်ပြုမယ်ဆိုတဲ့ တံခါးမှူးကို ကျန် အချက်ငါးဆယ်ရိုက်ဖို့ တောင်း ဆိုပါတယ်။ သည်တော့မှ နန်း တော်အဝင်မှာ ခြစားမှု၊ အကျင့် ပျက်မှု၊ အဂတိတရားလိုက်စားမှု ရှိနေပြီပဲဆိုတာကို ဘုရင်သဘော ပေါက်သွားကာ တံခါးမှူးကို အ ပြင်းအထန်ရိုက်ရုံမက ပြစ်ဒဏ်ချ မှတ်ကာ တံငါသည်ကို ဆုပေးတဲ့ ပုံဝတ္ထုပါ။
တစ်ဝက်တောင်းတဲ့ တံခါး မှူးလို သူ့ရဲ့ကျောပေါ်ကို ကြိမ် ဒဏ်အချက်ငါးဆယ်ကျအောင် ပညာပေးလိုက်တဲ့ တံငါသည်လို ပြည်သူတစ်ယောက်ရဲ့ ပါးနပ်ပုံကို ကျွန်တော်သဘောကျလိုက်တာ။
(သုံး)
အကျင့်ပျက်မှုဖြစ်အောင်၊ ခြစားမှုဖြစ်အောင်၊ အဂတိတရား လိုက်စားမှုဖြစ်အောင် ကြိုးပမ်း ကြပုံတွေကတော့ အမျိုးမျိုးပါပဲ။
တစ်ခါက ထိုင်းနိုင်ငံက သကြားလုံးဘူးကြီးဟာ နာမည် ကျော်ပေါ့။ ဒေါ်လာသန်းလေးရာ ကြွယ်ဝတယ်ဆိုတဲ့၊ ထိုင်းနိုင်ငံမှာ ဆယ့်ခြောက်ယောက်မြောက် အ ချမ်းသာဆုံးဆိုတဲ့၊ မန်ချက်စတာ စီးတီးဘောလုံးအသင်းကို ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် အဂတိလိုက် စားမှုနဲ့ တရားစွဲပါတယ်။ အခွန် ရှောင်တာတွေ၊ မြေတွေကို ပေါက်ဈေးထက် အဆမတန်လျှော့ဝယ် တာတွေဆိုတာမျိုးတွေနဲ့ တရားစွဲ တာပါ။
သက်ဆင်ရှင်နာဝပ်က သူ့ ရှေ့နေကို တရားသူကြီးဆီကို လွှတ်ပါတယ်။ သကြားလုံးဘူး ကြီးတစ်ဘူး လက်ဆောင်ပေးခိုင်း ပါတယ်။ တရားသူကြီးက သကြားလုံးဘူးဆိုတော့လည်း ယူထား လိုက်တာပေါ့။ ဖွင့်ကြည့်လိုက် တော့မှ အမေရိကန်ဒေါ်လာ ခြောက်သောင်းတဲ့။ မြန်မာငွေ သိန်းခြောက်ရာကျော် ခုနစ်ရာနီး ပါးကြီး။ တရားသူကြီး စိတ်ဆိုး ကာ သက်ဆင်ရှင်နာဝပ်ရဲ့ ရှေ့ နေကို ပြန်ခေါ်ပြီး ပြန်ပေးလိုက် တော့မှ ရိုးရိုးသကြားလုံးဘူးနဲ့မှား သွားလို့ဆိုပြီး တောင်းပန်တယ်ဆို လား။
ကျွန်တော်တို့ တစ်တွေ သကြားလုံးဘူးထဲမှာ အသပြာ တွေပါလာရင် အဲသည့်လိုပြန်ပေး နိုင်ပါ့မလား။
အိန္ဒိယမှာ သမ္မတလုပ်သွား ဖူးတဲ့ အဗ္ဗဒူကလမ် (Abdul Kalam)ကတော့ ရှင်းတယ်။ ဘာ လက်ဆောင်မှ မယူဘူးတဲ့။ လက် ဆောင်ဆိုတာလည်း လာဘ်ပေး လာဘ်ယူတစ်မျိုးပဲတဲ့။ လူတိုင်း ကျင့်သုံးဖို့ခက်တဲ့ စိတ်ပါ။
(လေး)
နိုင်ငံတော်တော်များများမှာ အစိုးရအဖွဲ့ထဲကို ပါသွားတဲ့သူ တွေဟာ ပိုင်ဆိုင်မှုတွေကို ချပြ ထားရပါတယ်။ အစိုးရဖြစ်ပြီးမှ မတော်မတရားတိုးပွားလာလို့ မရ။ မတော်မတရားတိုးပွားလာခဲ့ ရင် ဒါဟာ ခိုးထားတာ၊ အကျင့် ပျက်ထားတာ၊ ခြစားထားတာ၊ အဂတိတရားလိုက်စားထားတာ၊ လာဘ်ပေးထားတာ။
ဘာအလုပ်မှ မည်မည်ရရ မပြနိုင်ဘဲနဲ့ အစိုးရဝင်လုပ်ပြီးမှ ကြွယ်ဝသွားတယ်ဆိုတာ အရှက် မဲ့တဲ့လူတွေရဲ့ အလုပ်ပါ။
credit - 7daydaily
No comments:
Post a Comment